မအူပင် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ နည်းပညာတက္ကသိုလ်(မအူပင်)၌ နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်က အဖွင့်အမှာစကားပြောကြားပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦးက ပိုလီတက္ကနစ်တက္ကသိုလ်များထူထောင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရာက်လာသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများမှ သိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နည်းပညာတက္ကသိုလ်(မအူပင်)ရှိ စာသင်ခန်းများနှင့် လက်တွေ့ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ်(မအူပင်)မှ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာကျော့ခင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)