ကဝ ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျောင်းသား/ ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကဝမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပါဝင်ယှဉ်ပြိုင်ပုံ၊ အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြရာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၃)ဦး၊ ပုံပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၃)ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၁၃)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ကျောင်းသား/ကျောင်းသူများအား စက္ကူပြဇာတ်၊ ပုံပြင်စာအုပ်များဖြင့် ပုံပြင်များပြောပြခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်အတွင်းရှိ မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်များအား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)