ဒေးဒရဲ ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် တစ်ဧက စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ လယ်ယာလုပ်သား ရှားပါးမှုနှင့် ကောက်စိုက်စရိတ် ကြီးမြင့်သည့် အခက်အခဲများ ကျော်လွှား၍ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်သော မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆင်ကူးကျေးရွာရှိ တောင်သူ ဦးထွန်းမြင့်အောင်၏ လယ်မြေတွင် Drum Seeder အသုံးပြု၍ မျိုးစေ့ချပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ကျင်းပရာ ဖျာပုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန စိုက်ပျိုးရေးဦးစီးမှူး ဦးဇင်မောင်မောင်နှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဖျာပုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက တောင်သူ များနှင့် တွေ့ဆုံ၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ Drum Seeder အသုံးပြု မျိူးစေ့ချပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တောင်သူ ဦးထွန်းမြင့်အောင်၏ လယ်မြေ(၃) ဧကပေါ်တွင် မှော်ဘီ(၃) စပါးမျိုးစေ့အား Drum Seeder အသုံးပြု မျိူးစေ့ချနေမှုအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ စပါးအထွက်တိုး စိုက်ပျိူးနိုင်ရေး ဆောင်ရွက်မှုအပေါ် အားပေးစကားပြောကြားခဲ့ပြီး မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချခြင်းအား အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
စပါးမျိုးစေ့ချကရိယာ Drum Seeder ဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် စပါးကြဲခင်းထက် မျိုးစေ့နှုန်းလျော့ချနိုင်ခြင်း၊ ပျိုးနှုတ်ရန်မလိုအပ်ခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေ ခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း စသည့် အကျိူးကျေးဇူးများ ရရှိနိုင်ပြီး လုပ်သားသုံးစွဲမှု လျော့နည်းစေကာ ပျိုးထောင်စိုက်ပျိုးခြင်း စနစ်ဖြင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်းကြောင့် စီးပွားရေးတွက်ခြေကိုက်သည့် စိုက်ပျိုးနည်းစနစ်အား ဒေသခံတောင်သူများ သိရှိဆောင်ရွက်နိုင်စေရေးအတွက် မျိုးစေ့ချကိရိယာ အသုံးပြုနည်းအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အေဇာလင်း