ကျုံပျော်တွင် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကျုံပျော် ဇွန် ၁၉

ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကာ  စာဖတ်ရှိန်မြင့်မား ရေးနှင့် အားကစား ထွန်းကားပြန့်ပွားရေး လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယနေ့‌ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံရံကပ်စာစောင်ပြပွဲအား ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ ဖတ်ရှု‌လေ့လာကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး များနှင့်  နံရံကပ်စာစောင်တွင် ပြသထားသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး ရှောင်ရှားရေး ပညာပေးကိစ္စများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဝေလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက စာဖတ်ခြင်းဖြင့်ရရှိစေမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ စာဖတ်သူနှင့် စာမဖတ်သူ ကွာခြားချက်၊ စာတတ်သူတိုင်း စာဖတ်ကြရန်တို့ကိုလည်းကောင်း၊ လူငယ်များ မူးယစ်ဆေးဝါး ရှောင်ရှားနိုင်ရေးအတွက် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် မူးယစ်သားကောင်တို့၏ ဘဝအကြောင်း များ အပါအဝင် မိမိဌာန၏ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းနိုင်က အားကစား၏ အဓိပ္ပာယ်၊ တစ်ကိုယ်ရည် ပြုလုပ်နိုင်သော အားကစားနည်းများအကြောင်း၊ လမ်းလျှောက်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ကျန်းမာရေး အပါအဝင် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ ဖြစ်ပေါ်လာရေးကြိုးစားကြရန်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ယင်းနောက် ကျောင်သား၊ ကျောင်းသူ‌လေးများက သိလိုသည်များအား မေးမြန်းကြရာ ဟောပြောဆွေးနွေး သူများမှ ပြန်လည်ရှင်းလင်းဖြေကြားကြပြီး အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဝေလှိုင်နှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)