မင်းဘူး ဇွန် ၁၉
မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလေးများ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးပြီး မိမိတို့သုံးစွဲထားသော အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အလေ့အကျင့် ကောင်းများ ဆောင်ရွက်တတ်စေရန် အသိပညာပေးလှုပ်ရှားမှု အစီအစဥ်ကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အ.ထ.က(ခွဲ) မြို့မကျောင်း၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ကျောင်းသား၊ ကျောင်းသူလေး များအား ကျောင်းစာများအပြင် သုတ၊ ရသစသော ပြင်ပဗဟုသုတရရှိစေမည့် စာပေများလည်း ဖတ်ရှုကြရန်နှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်အေးမြင့်မြတ်ကိုက အသိပညာပေးလှုပ်ရှားမှု အစီအစဥ်များ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးပြီး မိမိတို့သုံးစွဲထားသော အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အလေ့ကျင့်ကောင်းများ ဆောင်ရွက်တတ်စေရန် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဗဟုသုတမေးခွန်းများကို မေးမြန်းပြီး အဖြေမှန်ဖြေကြားသူများကို ဂုဏ်ပြုလက်ဆောင်များဖြင့် ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူ ၂၀၀ ဦးအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက် (မင်းဘူး)