ဇီးကုန်း ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ (၁) နာရီက “စာရေးဆရာမ ခင်ဆွေဦး၏ အင်ကြင်းရဂုံ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ "စာရေးဆရာမ ခင်ဆွေဦး၏ အင်ကြင်းရဂုံ” စာအုပ်ပါအကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ စာရေးဆရာများဖြစ်သော ဇီးကုန်း-ဇော်ဝင်းမောင်၊ ဦးခင်မောင်မြင့် (ပညာရေး)၊ ဆရာနေဝန်းနီ၊ ဦးမောင်စိုး၊ ဦးတင်မောင်ဝင်းနှင့် ဇီးကုန်း-အေးမော်တို့မှ စာဖတ်သည့်အခါတိုင်း အကျိုးရှိသောစာပေများကို ဖတ်သားမှတ်သားပြီး၊ အပျော်သဘောနှင့် မဖတ်ဘဲ မိမိဖတ်သောစာအုပ်ထဲမှ မှတ်သားအတုယူသင့်သည်များကို မှတ်သားနာယူသင့်ကြောင်း၊ တက္ကသိုလ်ကျောင်းသားများ၏ဘဝ၊ လူငယ်တို့၏သဘောသဘာဝများကိုလည်းကောင်း၊ မေတ္တာတရား၏ မျှတမှု၊ ငြိမ်းချမ်းမှု၊ နူးညံ့သိမ်မွေ့မှုများနှင့် လောက၌ မေတ္တာတရားဟာ အလွန်ရေးကြီးကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် မှန်ကန်သောအတွေးအခေါ်များကို တွေးခေါ် ဆုံးဖြတ်ချက်ချနိုင်ပြီး မိမိဘဝတိုးတက်နိုင်ကြောင်းတို့ကို မိမိတို့၏အတွေ့အကြုံများ၊ မှတ်သားအတုယူဖွယ်ရာများနှင့် ဆင်ခြင်တွေးတောစရာများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ဇီးကုန်းမြို့နယ်၊ စာရေးဆရာအသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စာပေချစ်သူများ အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် စာပေစိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်ဆက်)