သရက် ဇွန် ၁၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူအထက်တန်းကျောင်းသို့ တက်ရောက်လိုသည့် ကျောင်းသား/ကျောင်းသူများအား လမ်းညွှန်ဟောပြောခြင်း အခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး စက်မှုလက်မှု သိပ္ပံ(သရက်)မှ လက်ထောက်ကထိကမှ သင်ယူလေ့လာရမည့်ဘာသာရပ်များ၊ လေ့လာသင်ယူမှုရရှိမည့် ကျွမ်းကျင်မှုအရည်အသွေးများ၊ သင်တန်းပြီးဆုံးပါက ရရှိန်ုင်မည့် အခွင့်အလမ်းများနှင့် အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်မှု အခြေအနေများကို ပြောကြားပေးခဲ့သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမိုးကမ္ဘာက ကျောင်းသား ကျောင်းသူများ ခေါ်ယူမည့် အစီအစဉ်၊ သတ်မှတ်အရည်အချင်း၊ ပေးအပ်မည့်အောင်လက်မှတ်နှင့် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာညိုဝင်းက မွေးမြူရေးနှင့်ကုသရေးပညာရပ်များနှင့် သင်ကြားပို့ချပေးမည့်ဘာသာရပ်များကို ပြောကြေားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)