ပေါင်းတည် ဇွန် ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဇွန်လ (၁၇) ရက်နေ့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအေးကျော်တို့တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာဦးရွှေက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ လုပ်ငန်းစီမံချက် (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းစပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျေးရွာ (၆) ရွာတွင် ကွန်ကရစ်လမ်းခင်းကျင်းရန်၊ ကျေးရွာ (၃) ရွာတွင် မြေနီကျောက်ရောလမ်းခင်းကျင်းရန်နှင့် ထိုကျေးရွာ (၉) ရွာတွင် ရေသန့်စင်စနစ် ကောင်အထည်ဖော် လုပ်ငန်းဆောင်ရွက်ရန်တို့အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ရန်ပုံငွေများကို တာဝန်ရှိသူများက တက်ရောက်လာသော ကျေးရွာကိုယ်စားလှယ်များထံ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ထိုလုပ်ငန်းစီမံကိန်းတွင် ကျေးရွာ (၆) ရွာ၌ အကျယ် (၁၂) ပေ၊ အရှည် (၃၉၀) ပေ ရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ကျေးရွာ (၃) ရွာ၌ အကျယ် (၁၂) ပေ၊ အရှည် (၁၉၅၀) ပေရှိသော ကျေးရွာတွင်းမြေနီကျောက်ရောလမ်းခင်းခြင်းနှင့် ထိုကျေးရွာ (၉) ရွာ၌ ရေသန့်စင်စနစ်ဆောင်ရွက်ရန်တို့ ပါဝင်ကြောင်းသိရပြီး ကျေးရွာတစ်ရွာလျှင် ကျေးရွာတွင်း ကွန်ကရစ်/ကျောက်ရောမြေနီလမ်းခင်းရန်နှင့် ရေသန့်စင်စနစ် ဆောင်ရွက်ရန် ငွေကျပ် (၁၅) သန်းစီ၊ စုစုပေါင်း ငွေကျပ် (၁၃၅) သန်း ထောက်ပံ့လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထိုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကျောက်ရောမြေနီလမ်းခင်းမည့် ကျေးရွာတွင် ကျေးရွာပြည်သူလူထုက ငွေကျပ် (၁ဝ) သိန်းကျော်၊ ကွန်ကရစ်လမ်းခင်းမည့် ကျေးရွာတွင် ကျေးရွာပြည်သူလူထုက ငွေကျပ် သိန်း (၃ဝ) ကျော်ထည့်ဝင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရွှေသား(ပြန်/ဆက်)