တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းသို့ တက်ရောက်ကြည့်ရှုအားပေး

ကော့သောင်း ဇွန် ၁၉

ကော့သောင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့‌သောင်းခရိုင်ဦးစီးမှူးရုံးမှ ကျင်းပပြုလုပ်သော ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉ ) နာရီတွင် ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးတင်မောင်ကျော်၊ ခရိုင်‌သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးငြိမ်းသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန်ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများအားအသုံးပြု၍ ကယ်ဆယ်ခြင်းများကို လျင်မြန်စွာပြင်ဆင် ဆောင်ရွက်ခဲ့ကြသည်။       

ထိုနောက် ငလျင်လှုပ်ခတ်ပြီးသည်နှင့်တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကျောင်းအဆောက်အဦအတွင်း ပိတ်ဆို့ဖိမိနေသူများအား လိုက်လံရှာဖွေပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ အဆောက်အဦအပြင်ဘက်သို့ လျင်မြန်စွာကယ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ၄င်းနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့များက ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်နှလုံးနှိုးဆွအသက်ရှုနည်းဖြင့် ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့်တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်းတို့ကို အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင်က အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခြင်းဖြင့် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများ ဆရာ၊ဆရာမများအနေဖြင့် ငလျင်ဘေးဖြစ်ပွားလာပါက စနစ်တကျတုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်ပြီး၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုသိရှိပြီး ပူးပေါင်းဆောင်ရွက်ကြခြင်း ဘေးဒဏ်ကိုကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့်  စာသင်ကျောင်း တစ်ကျောင်းဖြစ်လာမည်ဖြစ်ပြီး ငလျင်‌ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် ကော့သောင်းခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ကျောင်းအခြေပြုငလျင်ဘေးဇာတ်တိုက်လေ့ကျင့်မှုများတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ပူးပေါင်းပါဝင်သူများကို ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)