ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း ဧက ၁၄၀၀၀ ကျော် လျာထားစိုက်ပျိုးမည်

ကျွန်းလှ ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း အဓိကစိုက်ပျိုးထုတ်လုပ်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်မိုးရာသီတွင် အစေ့ထုတ်ပြောင်း ဧက ၁၄၀၀၀ ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ်မိုးရာသီမှာ အစေ့ထုတ်ပြောင်းစိုက်ပျိုးဖို့ ၁၄၉၉၅ ဧကလျာထားပါတယ်။ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာမှာ အခြားသီးနှံများနဲ့ သီးညှပ်စိုက်ပျိုးကြပြီး သီးသန့်လည်း စိုက်ပျိုးကြပါတယ်။ အခုအခါ ၂၀၂၄ ခုနှစ်၊ ဇွန်လကစတင်ပြီး စိုက်ပျိုးနေကြပြီး တိုးချဲ့စိုက်ပျိုးဖို့နဲ့ သီးထပ်သီးညှပ်စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ‌အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပိုးမွှားကျရောက်မှုကင်းထောက်ခြင်း၊ ဖောငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေးဆောင်ရွက်ခြင်း၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေး ပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခင်နှစ် မိုးရာသီ၌ ‌အစေ့ထုတ်ပြောင်းစိုက်ပျိုးရန် ၁၄၉၇၃ ဧကလျာထားပြီး ၁၄၉၉၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တစ်ဧကပျမ်းမျှ ၄၈ ဒသမ ၆၉ ရာခိုင်နှုန်းထွက်ရှိကြောင်း၊ ယခုနှစ် ၁၄၉၉၅ ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)