ကော့သောင်း ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုနှင့် ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေးအတွက် တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်းများကို ဇွန်လ (၁၇)ရက်နေ့နှင့် ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများသို့ သွားရောက်၍ စာသင်ဆောင်များအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနေမှုကိုကြည့်ရှုအားပေးပြီး နိုင်ငံသားတိုင်း အခြေခံပညာပြီးဆုံးသည်အထိ သင်ယူတတ်မြောက်၍ တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်ပြီး ဗလငါးတန်နှင့်ပြည်စုံသည့် နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်စေရန်၊ ပြည်သူ့နီတိနှင့်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ရိုးရာဓလေ့များ၊ သမိုင်းအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးကာကွယ်ထိန်းသိမ်းတတ်ရန်၊ အားကစားနှင့်ကာယပညာလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ်ဖွံ့ဖြိုးလာစေရန်၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများရရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာပေပညာကိုသာမက အသက်အရွယ်နှင့်ကိုက်ညီသည့် ဗဟုသုတများရရှိစေရေးအတွက် ပြင်ပစာပေများကိုလည်း စာကြည့်တိုက်များတွင် ရှာဖွေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိကြစေရေးတိုက်တွန်းဆောင်ရွက်ကြရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းနှင့် ယမန်နေ့ နံနက်ပိုင်းတို့တွင် ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ မြေထိန်းနံရံနှင့် ကျောင်းအုတ်တံတိုင်းများ၊ ကျောင်းဆောင်သစ်တိုးချဲ့ဆောက်လုပ်မည့် လုပ်ငန်းနေရာများ၊ ကျောင်းဆောင်သစ်များဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ စာသင်ခန်းအဆောင်များ၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်မှု အခြေအနေများ၊ အန္တရာယ်အဆောင်နှင့် ပြင်ထိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၍ ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)