ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပ

ဘားအံ ဇွန် ၁၉

၂၀၂၄ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ကျင်းပသည့်ပြိုင်ပွဲသည် ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန်နှင့် အောင်မြင်မှုရရှိရန် ရည်ရွယ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သတ်မှတ်ထားသော ဘောလုံး စည်းမျဉ်း၊ စည်းကမ်း ဥပဒေဘောင်အတွင်းမှ မိမိတို့အသင်းအနိုင်ရအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုပြီး ဘောလုံးအားကစားနည်းဖြင့် မိမိတို့၏ မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ဂုဏ်ဆောင်ပေးနိုင်ကြသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘောလုံးအားကစားဝါသနာရှင်များက အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ်ဘောလုံးအသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အမျိုးသမီး ဘောလုံးအသင်းက ၁၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း (၇)သင်း၊ အားကစားသမား ၁၄၀ ဦးတို့သည် ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်နေ့ထိ  ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)