လွိုင်ကော်မြို့၌ ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ‌နှင့် သူနာပြုသားဖွား သင်တန်းကျောင်း (လွိုင်ကော်) ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇွန် ၁၉

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် ပြန်လည်တည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်သော လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး  ဆောင်ရွက်နေမှုနှင့် သူနာပြုသားဖွား သင်တန်းကျောင်း (လွိုင်ကော်) ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ နေရပ်ပြန် ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့လယ် ကန္တရဝတီလမ်းမကြီး၊ လောပိတလမ်းမကြီး တစ်လျှောက်နှင့်ရှမ်းပိုင်းရပ်ကွက်၊ မင်းစုရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်များ၌ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် လျှပ်စစ်ဝန်ထမ်းများက ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မြို့တွင်းသို့ လျှပ်စစ်မီးဖြန့်ခွဲပေးလျက်ရှိသော အောင်သီဟရပ်ကွက်ရှိ ၃၃/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ဧက (၅၀၀) ဓာတ်အားခွဲရုံသို့ သွားရောက်ကာ ရပ်ကွက်/ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် အကြမ်းဖက်သောင်းကျန်းသူများ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော မိန်းထရန်စဖော်မာ၊ PT၊ CT နှင့် ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်းများ ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ ဓာတ်အားခွဲရုံ လုံခြုံရေးအတွက် အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် လျှပ်စစ်ဝန်ထမ်းအိမ်ရာသို့သွားရောက်၍ ယခုဘဏ္ဍာနှစ်အတွင်း ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်တည်ဆောက်နေမှု၊ ဂါလံ (၁၆၀၀) ဆံ့ရေစင်နှင့် ရေသိုလှောင်ကန် တည်ဆောက်နေမှု အခြေအနေများ၊ ပြန်လည်ထူထောင်ရေးအတွက် စုစည်းထားရှိသော (၁၂) မီတာ  ကွန်ကရစ်လမ်း မီးတိုင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုသားဖွားသင်တန်းကျောင်း (လွိုင်ကော်) သို့သွားရောက်၍ သင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းရုံး၊ စာကြည့်တိုက်၊ လက်တွေ့ခန်း၊ သင်ကြားရေးဆောင်များ၊ သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်များ၊ စားရိပ်သာနှင့် သူနာပြုသားဖွား သင်တန်းကျောင်းဝန်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေး၍  ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ဝန်ထမ်းများအားသွားရောက် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဝန်ထမ်းများ နေရာချထားမှုနှင့်လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများ အဆင်ပြေအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ရေ၊ မီးရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိကာ ယခုအခါ မြို့ပေါ် (၉) ရပ်ကွက်တွင်  လမ်းမီးနှင့် လျှပ်စစ်မီးအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ရပ်ကွက်များ၌ လျှပ်စစ်မီးများအမြန် ဆုံးပြန်လည်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)