ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူ

ကျိုက်လတ် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊  အမှတ်(၃)ရပ်ကွက်၊  ၆လမ်းနှင့် ဦးစန္ဒာလမ်းထောင့်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးဆိုင်းဘုတ်အား ယနေ့နံနက်(၁၁)နာရီတွင် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်ဦးစီမှူးရုံးမှ ဦးစီးအရာရှိဦးထွန်းဆွေနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုံညီစွာတက်ရောက်ကြပြီး  အသိပညာပေးဆိုင်းဘုတ်အား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက ဆိုင်းဘုတ်အား အမွှေးနံ့သာရေများပတ်ဖျန်းပြီး ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ထုတ်ဝေထားသည့်  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအသိပညာပေးလက်ကမ်းစာစောင်များအား မြို့နယ်တွင်းသွားလာလှုပ်ရှားကြသည့် ပြည်သူများအားဖြန့်ဝေခဲ့ကြောင်းနှင့် ကျိုက်လတ်မြို့နယ်အနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်မြို့နယ်လုံး၌ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်တိုင်ရာရောက် ကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

လှိုင်မင်းအောင်