ကဝ ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အ.ထ.က (ကဝ)၊ ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က (ကဝ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဦးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ၊ ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများ၊ ကလေးသူငယ်၏အခွင့်အရေးများ၊ ကလေးသူငယ်ကိုမွေးစားခြင်းဆိုင်ရာများ၊ အလုပ်လုပ်ကိုင်စေခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်ဦးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ပတ်သတ်၍ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်များအားအကြမ်းဖက် ခြင်းဆိုင်ရာများ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့် အချက်များအားမေးမြန်းမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)