ကန်ကြီးထောင့် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ တာဘောင်လမ်း (ကိုယ်ထူကိုယ်ထ)ကျောက်ကြမ်းလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ယမန်နေ့ညနေပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့်အဖွဲ့ဝင်များက မြို့ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ တာဘောင်လမ်းသည် အလျား(၇၀၀)ပေ၊ အနံ(၁၅)ပေရှိရာ ရွှေးကျေးရွာ၊ ရွှေးကုန်းကျေးရွာနှင့် မတော့ကုန်းကျေးရွာရှိ အများပြည်သူများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/သူများနေ့စဉ်အသုံးပြုသောလမ်းဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ သာရေး/နာရေး အစရှိသည်များအား အသုံးပြုလျက်ရှိသောလမ်းဖြစ်သည်။ ထိုသို့အများ ပြည်သူများနေ့စဉ်အသုံးပြုလျက်ရှိသောလမ်းဖြစ်ရာ လမ်းမှာရွှံ့ဗွက်အိုင်များဖြင့် သွားလာရန် အဆင်မပြေသောကြောင့်လည်းကောင်း၊ မိုးရာသီ ဇူလိုင်၊ ဩဂုတ်လများတွင် ပိုမိုဆိုးရွားစွာ ပျက်ဆီးလမ်းချော်မှု ဖြစ်စဉ်များကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အများပြည်သူများမှ ကြိုတင်ကာကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်၊ အဖွဲ့ဝင်(၂)ဦးလှမြင့်၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အမာခံလမ်းရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ အရည်အသွေးပြည့်မီစွာဖြင့် အများပြည်သူများ သွားလာရန်အဆင်ပြေချောမွေ့စေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)