ပုသိမ် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ Pathein Smart Goal Badminton Club နှင့် VS Myanmar Co.Ltd တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယခုလ (၁၆) ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲနှင့် အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဝါသနာရှင်တန်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို VS Myanmar မန်နေဂျင်းဒါရိုက်တာကလည်းကောင်း၊ အသက် (၉) နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် (၁၁) နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အသက် (၁၁) နှစ်အောက် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် (၁၃) နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လူမှုရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အသက် (၁၅) နှစ်အောက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို သယံဇာတရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အသက် (၉) နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးကလည်းကောင်း၊ အသက် (၁၁) နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၁၃) နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၁၅) နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၁၇) နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၁၉) နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ သာမန်တန်းပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာမန်တန်းပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကိုဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး ကလပ်ပေါင်းစုံသက်တမ်းအလိုက် အမျိုးသား/ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲအား ယခုလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၁၂) သင်း၊ ပြိုင်ပွဲဝင်ကစားသမား (၁၂၄) ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)