ငွေဆောင်မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး Abate (အဘိတ်) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ငွေဆောင် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ကာ မြို့ကျေးလက် ကျန်းမာရေးဦးစီးဌာနမှ မြို့အတွင်းရှိ ​ဌာနဆိုင်ရာရုံးများ၌ အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းအား ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ (Midwife) ငွေဆောင် (S/C) ဒေါ်ခင်မိမိလှိုင်မှ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍  ဌာနဆိုင်ရာရုံးများရှိ  ရေလဲလှယ်ရခက်ခဲသော ရေတွင်း၊ ရေကန်များနှင့် ရေပုံးများအား အဘိတ် (Abate) ဆေးခပ်ခြင်းနှင့် ပိုးလောက်လန်းများ ပေါက်ဖွားနေသော ရေပုံးများ၊ ရေကန်များနှင့် တာယာကွင်းများအား  ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း တို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

R – 014 (ငွေဆောင်)