သရက်ချောင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး ပိုစတာစိုက်ထူပွဲ ကျင်းပ

သရက်ချောင်း ဇွန် ၁၈

"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့'' ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး Bill Board စိုက်ထူပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်၊ မြို့နယ်စည်ပင်သာယာဈေးအရှေ့ မြိတ်-ထားဝယ် ကားလမ်းမကြီးပေါ်တွင် ကျင်းပသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး Bill Board အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်ရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်တို့က ခရီးသွားလာ ပြည်သူများ၊ ဒေသခံပြည်သူများအား အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိရန် စသည့် ရည်ရွယ်ချက်ဖြင့်  သန်းခေါင်စာရင်း ကောက်ယူခြင်းဖြစ်ပြီး စာရင်းကောက်များသည် မြို့နယ်အတွင်း မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile  Tablet များ အသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်‌ကြောင်း မြို့နယ်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)