ကျွန်းစု ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျွန်းစုမြို့၊ ကမ်းကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများကို ချစ်မြတ်နိုးတတ်လာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုကို သိရှိနားလည်စေပြီး သစ်တောများ၏ အကျိုးကျေးဇူးများ သိရှိနားလည်နိုင်စေ၍ လိုက်နာဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခြင်းဖြစ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမဒေါ်သီရိမင်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်းက သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများ၊ သစ်တောအမျိုးအစားများ၊ သစ်တောမှရရှိသော အကျိုးကျေးဇူးများနှင့် သစ်တောများပျက်စီးပြုန်းတီးမှုကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများကို အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်နှင်းသန္တာက ရေသယံဇာတများအရေးပါပုံ၊ ရေသယံဇာတများညစ်ညမ်းလာခြင်းနှင့်အကျိုးဆက်များ၊ ရေချိုထိန်းသိမ်းခြင်းများအားလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးသန္တာဖြိုးက စာဖတ်အရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးကြည်လွင်က စွန့်ပစ်ပစ္စည်းများအပေါ် စီမံခန့်ခွဲမှုအစီအစဉ်များအားလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး အမေးအဖြေကဏ္ဍများပြုလုပ်၍ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုနှင့်မေတ္တာလက်ဆောင်များအား တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)