ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၇ ဧကစိုက်ပျိုးမည်

ကျွန်းလှ ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ အရင်နှစ်က မိုးစပါး ၃၄၀၉၃ ဧက စိုက်ပျိုးရန်လျာထားပြီး ၃၄၀၉၇ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ တစ်ဧကပျမ်းမျှ ၇၃ ဒသမ ၅၉ တင်းထွက်ရှိပါတယ်။ ဒီနှစ် မိုးစပါး ၃၄၀၉၇ ဧကလျာထားပြီး တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးမှုတိုးလာပါတယ်။ စိုက်နည်းစနစ်မှန်ကန်ဖို့၊ အချိန်မီစိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်ရရှိရေး၊ အချိန်မီစိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေးစသည့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေ စပါးမျိုးများစိုက်ပျိုးကြကြောင်း၊ လယ်ယာမြေများ မိုးကောင်းသောက်ဖြစ်သော်လည်း မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရန် ချောင်းရေ၊ မြေအောက်ရေတင်ပြီး ပျိုးထောင်ခြင်း၊ မြေယာပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ