ပွင့်ဖြူ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ကျေးလက်လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေအသုံးပြုပြီး စီးပွားဖြစ်စိုက်ပျိုးထားရှိသော နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အဆိုပါကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ၌ ဒေသခံတောင်သူ (၄) ဦး စုပေါင်းပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းချေးငွေဖြင့် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်အသုံးပြုပြီး မြေအောက်ရေရယူကာ ဆာဖိုးသာအထွက်တိုး စပါးသီးနှံအပါအဝင် နွေစပါးသီးနှံစိုက်ဧက (၆) ဧက စိုက်ပျိုးထားရှိကြောင်းသိရပြီး ယခုအခါ နွေစပါးစိုက်ခင်းများမှာ စိုက်ပျိုးရေ လုံလောက်စွာရရှိမှုကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ထိုသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် အထွက်နှုန်း ကောင်းမွန်သော ဆာဖိုးသာအထွက်တိုး စပါးမျိုးကောင်းမျိုးသန့်များကို ထောက်ပံ့ပေးပြီး လိုအပ်သော စိုက်ပျိုးရေးနည်းပညာများနှင့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်း စနစ်တကျ သုံးစွဲနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူအသိ ပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
"ဒီနှစ် ကျွန်တော်တို့ကျေးရွာမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းချေးငွေဖြင့် ဒေသခံတောင်သူ (၄) ဦး စုပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မြေအောက်ရေအသုံးပြု စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိတယ်။ ယခုနှစ် နွေသီနှံစိုက်ပျိုးရာသီမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းချေးငွေဖြင့် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်၍ မြေအောက်ရေ အသုံးပြုပြီး နွေစပါးသီးနှံ(၆)ဧက စိုက်ပျိုးဆောင်ရွက်ထားပါတယ်။ စိုက်ပျိုးတဲ့ စပါးမျိုးကတော့ အထွက်နှုန်းကောင်းမွန်တဲ့ ဆာဖိုးသာစပါးမျိုး ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေကို နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က အထွက်တိုးစပါး ဆာဖိုးသာ စပါးမျိုးစေ့များကို ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးနည်းပညာနဲ့ သွင်းအားစုပစ္စည်း စနစ်တကျ သုံးစွဲတတ်စေဖို့အတွက်ကိုလည်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက လာရောက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြလို့ သီးနှံစိုက်ပျိုးရတာ အကုန်အဆင်ပြေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။
ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသည် အိမ်ခြေ (၆၇၃) အိမ်၊ လူဦးရေ (၃၄၄၀) ဦး နေထိုင်လျက်ရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်တစ်ပိုင်တစ်နိုင် ရက်ကန်းချည်ထည် ရက်လုပ်ခြင်းလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်ကြကြောင်း၊ ယခုနှစ်တွင် ဒေသခံတောင်သူအချို့က နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေမှ ချေးငွေရရယူပြီး ဆိုလာဓာတ်အားပေးစနစ်ဖြင့် တွဲဖက်ကာ မြေအောက်ရေအသုံးပြု၍ စပါးသီးနှံ၊ ပဲမျိုးစုံသီးနှံနှင့် အခြားစားဖိုဆောင်သီးနှံမျိုးစုံတို့ကို စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)