ကော့သောင်း ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူးကျင်းပမည့် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲ၌ ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသူဟိန်းစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်မျိုးကိုက ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာမှတာဝန်ရှိသူများက ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲအပြီးတွင် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းတွင် ပါဝင်လေ့ကျင့်၊ သရုပ်ဆောင်မည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဇာတ်တိုက်လေ့ကျင့်ရာ၌ အထောက်အကူဖြစ်စေရန်အတွက် ငလျင်ဇာတ်တိုက်နမူနာဗီဒီယိုပြသခြင်း၊ ရှာဖွေ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် အကြိုဇာတ်တိုက်လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)