မကွေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

မကွေး ဇွန် ၁၈

မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ်ခြင်းနှင့် စနစ်တကျသိမ်းဆည်းခြင်းအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မကွေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းဟေဝန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးမြင့်ဦးက အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိသန္တာလွင်က အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ်ခြင်းနှင့် စနစ်တကျသိမ်းဆည်းခြင်းအတွက်ဆောင်ရွက်ရန် နည်းလမ်းများကို ကျောင်းသား၊ ကျောင်းသူများအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့်ပတ်သက်သည့် မေးခွန်းများကို မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းခဲ့ပြီး အ‌ဖြေမှန်သူများကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)