ဟင်္သာတ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မြစ်ကွေ့ကျောင်းလမ်း၊ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်ရှိ မြို့နယ်သံဃာ့နာယကအဖွဲ့ရုံး၌ ဟင်္သာတမြို့နယ်/ ရပ်ကျေး သံဃာ့နာယကအဖွဲ့ စုံညီအစည်းအဝေးကို ယနေ့နံနက် ၉နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကြွရောက်လာကြသော သံဃာတော်များက သာသနဿစ အစရှိသော ဂါထာ(၃)ကြိမ်ရွတ်ဆို၍ အစည်းအဝေး စတင်ခဲ့ပြီး၊ မိုးကောင်း ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဠဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသအား သဘာပတိဆရာတော်အဖြစ် တင်မြှောက်ခြင်းနှင့် သဘာပတိ ဆရာတော်မှ အဖွင့်ဩဝါဒကထာ ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဟင်္သာတမြို့နယ် သံဃာ့နာယကဥက္ကဌဆရာတော် ဘဒ္ဒန္တစန္ဒသိရီဘိဝံသမှ ယနေ့စုံညီ အစည်းအဝေးကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားခြင်း၊ ခရိုင်သာသနာရေးမှူး ဦးသိန်းဇော်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ အစည်းအဝေးသို့ ကြွရောက်တော်မူကြသော မြို့နယ်/ရပ်ကျေး သံဃနာယကဆရာတော်များမှ မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသော သာသနာ့နယ်မြေ အုပ်စုအလိုက် သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့မှ ပြန်လည်ရှင်းလင်းလျှောက်ထားခြင်း၊ သဘာပတိဆရာတော်ကြီးမှ နိဂုံးချုပ်ဩဝါဒကထာချီးမြှင့်ခြင်းနှင့် အခမ်းအနားအပြီးတွင် ဗုဒ္ဓသာသနံ စိရံတိဠတု (၃)ကြိမ်ရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိဓဇမဟာရဠဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစန္ဒသိရီဘိဝံသနှင့် အဖွဲ့ဝင်ဆရာတော် (၁၃)ပါး၊ ဟင်္သာတမြို့နယ်အတွင်းမှ ရပ်/ ကျေးသံဃာ့နာယကအဖွဲ့မှ ဆရာတော်၊ သံဃာတော် (၉၄)ပါး၊ ဟင်္သာတခရိုင်သာသနာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်နှင့် ဝန်ထမ်းများ၊ ဒါယိကာ/ ဒါယိကာမများ စုစုပေါင်းအင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)