မြောင်းမြမြို့ အ.မ.က(လွန်)ဘုရားချောင်း(ရပ်)ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မြောင်းမြ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က(လွန်)ဘုရားချောင်း(ရပ်)ကျောင်းတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့်အလေ့အထများရရှိစေရန်ရည်ရွယ်၍  ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် "ပညာဖြင့်သာကြိုးစားပါ" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲတွင်  ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊  ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)