ချောင်းသာ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့က ကံကြီးကျေးရွာအုပ်စုအတွင်းရှိ ကံကြီးကျေးရွာနှင့်ကညင်ကွင်းကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ချောင်းသာတိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာထွန်းထွန်းခိုင်ဦးဆောင်မှုဖြင့် တိုက်နယ်ဆေးရုံဝန်ထမ်း (၂)ဦးနှင့် တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်း(၅)ဦးတို့က ကျေးရွာနေဒေသခံပြည်သူများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ကနဦးကျန်းမာရေးစစ်ဆေးပေးခြင်း၊ မကူးစက်တက်သော ရောဂါ ရှာဖွေစစ်ဆေးကုသပေးခြင်းနှင့် အထွေထွေရောဂါများကို ကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ချောင်းသာမြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ကံကြီးကျေးရွာ ကြက်ခြေနီသူနာပြုတပ်စိတ်မှ တပ်ဖွဲ့ဝင် (၅)ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး အဆိုပါကျေးရွာများမှ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ(၂၀၀)ကျော် လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများခံယူခဲ့ကြကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)