သဲကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ (World Blood Donar Day) ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနားကျင်းပ

သဲကုန်း ဇွန် ၁၇

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမြို့ ကြက်ခြေနီအသင်း (ခွဲ) ကော်မတီနှင့် ဝေဿန္တရာသွေးလှူရှင်များအသင်းတို့ ပူးပေါင်း၍ (World Blood Donar Day) ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနားကို ယမန်နေ့က အ.ထ.က(အင်းမ)ရှိ သီတဂူခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ငယ်ဥက္ကဋ္ဌ ဦးတင်ဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီး အင်းမတိုက်နယ်ဆေးရုံမှ  ဒေါက်တာကျော်မျိုးနိုင်က သွေးလှူရှင် စုဆောင်းရေးနှင့် သွေးလှူဒါန်းမှုလုပ်ငန်းများအား အောင်မြင်အောင်ဆက်လက် ဆောင်ရွက်​ကြရန်၊ သွေးလှူခြင်းသည် လူထုအတွက် အကျိုးဖြစ်များစွာအထောက်ပြုသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊  သွေးလှူ​ခြင်းဖြင့် မိမိတို့ကျန်းမာရေးအား ပုံမှန်စစ်ဆေးနိုင်ခြင်း၊ မိမိကိုယ်ကိုကျန်းမာရေး ကောင်းမွန်အောင် ဂရုစိုက်နိုင်ခြင်းစသော အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း (၁၅)ကြိမ်နှင့်အထက် သွေးလှူဒါန်းခဲ့သော သွေးလှူရှင် (၆) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဝေဿန္တရာသွေးလှူရှင် အသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)