သရက် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကိုယ်လုံပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင့်ပိုင်သူက အဖွင့်အမှာစကားပြောကြားရာတွင် သရက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် နိုင်ငံတော်မူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော်ဦးတည်ချက် (၁၂)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားပြီး ကျစ်လစ်ခိုင်မာသော အမျိုးသမီးအင်အားစုတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ “အမျိုးသမီးများ ဘဝဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့”ဟူသော ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများ ဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်ရည်ရွယ်၍လည်း မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ရှေ့လုပ်ငန်းစဉ်များကို ညွန်ကြားချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ကိုယ်လုံပညာသင်တန်း နည်းပြ ဒေါ်နွယ်နီမွန်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် သင်တန်းသားများအား သရက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင့်ပိုင်သူက သင်တန်းဝတ်စုံများအား ပေးအပ်ရာ ကိုယ်လုံပညာသင်တန်းနည်းပြ ဒေါ်နွယ်နီမွန်က သင်တန်းသား/သင်တန်းသူများကိုယ်စား လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)