စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနတွင်  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာပေးသင်တန်းဖွင့်လှစ်

မုံရွာ ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများ အထူးအလေးထားလိုက်နာစေရေး ရှေးရှုကာ ပုဂ္ဂလိကအကျိုးစီးပွားအလို့ငှာ အများပြည်သူဆိုင်ရာရုံးဌာနကို အလွဲသုံးစားပြုခြင်းမရှိစေရန်၊ ပုဂ္ဂလိကအကျိုးစီးပွားအလို့ငှာ ယုံကြည်အပ်နှံထားသောလုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းမရှိစေရန်၊ အများပြည်သူဆိုင်ရာ(သို့မဟုတ်) ပုဂ္ဂလိကဆိုင်ရာဌာနအား ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုခြင်းမရှိစေရန်ရည်ရွယ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးရုံးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး(စီမံ)ဦးထွန်းရှိန်က ကမ္ဘာတစ်ဝန်းလုံးရှိနိုင်ငံတိုင်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝသာယာဝပြောရေး၊ ငြိမ်းချမ်းသာယာရေး၊ တရာဥပဒေစိုးမိုးရေးအတွက် ကဏ္ဍအလိုက် နိုင်ငံသားတိုင်း အလေးပေးလိုက်နာရမည့် ဥပဒေများပြဌာန်းကာ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ရန် အဂတိလိုက်စားမှုကင်းစင်/ ပပျောက်ဖို့ရာ လိုအပ်ပါတယ်။ မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ ငွေအလွဲသုံးစားပြုခြင်း၊ ဆွေမျိုးကောင်းစားရေးဝါဒ၊ နီးစပ်ရာကောင်းစားရေးဝါဒ၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်းစသည်တို့ကြောင့် ဥပဒေလိုက်နာမှုနည်းခြင်းကင်းဝေးစေရန်  အဂတိလိုက်စားမှုကိုတိုက်ဖျက်ရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် ဥပဒေအရအရေးယူခံရနိုင်ခြင်း၊ ပိုင်ဆိုင်မှုများ ဖော်ထုတ်သိမ်းဆည်းခံရနိုင်ခြင်း၊ ဂုဏ်သိက္ခာဆုံးရှုံးစေခြင်း၊ အပ်နှင်းထားသော အာဏာနှင့်လုပ်ပိုင်ခွင့်ဆုံးရှုံးစေခြင်း၊ မျှော်မှန်းမထားသောအခြေအနေများ ပေါ်ပေါက်လာနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် အရေးပေါ်အခက်အခဲ များကျရောက်နိုင်ခြင်း၊ ကိုယ်ကျင့်တရားဆုံးရှုံးစေခြင်း၊ လိုက်နာစောင့်ထိန်းမှု ဆုံးရှုံးစေခြင်း၊ ကြိုးစားအားထုတ်မှုများ ဆုံးရှုံးစေခြင်း၊ လူ့ပတ်ဝန်းကျင်မှ ဖယ်ခွာသွားရခြင်းစသည့် ဆိုးကျိုးများကို တွေ့ကြုံကြရမှာဖြစ်ပါကြောင်းနှင့် ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအားလုံး အဂတိလိုက်စားမှု မငြိစွန်းစေရေးအတွက် အသိပညာရရှိလိုက်နာ ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ တောင်သူအသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ဖြန့်ဝေခဲ့သည်။
ထို့နောက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာပေးသင်တန်းကို ဆက်လက်သင်ကြားပို့ချပေးရာ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး(စီမံ) ဦးထွန်းရှိန်ကအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကိုလည်းကောင်း၊
လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းတို့ကို အသီးသီးသင်ကြားပို့ချပေးခဲ့ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၅၀)ဦးနှင့် Online ဖြင့် (၁၀၀)ဦး စုစုပေါင်း(၁၅၀)ဦးတက်ရောက်ခဲ့ပြီး တစ်ရက်ကြာသင်ကြားပို့ချပေးခဲ့ကြောင်းနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ဝေသော အဂတိတိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိတိုက်စားမှုအမျိုးအစားများ၊ အဂတိတိုက်စားမှုကြောင့် ဖြစ်ပေါ်သည့်နစ်နာမှုများ၊ အဂတိတိုက်စားမှုကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်များ၊ အဂတိတိုက်စားမှု၏သက်ရောက်မှုများ၊ CRA ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)