ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အပတ်စဉ်ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ဒေးဒရဲ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ အပတ်စဉ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မြို့ပေါ်ရပ်ကွက်များ သန့်ရှင်း သာယာရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်သွားကြရန်၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ထောက်ပံ့ပေးအပ်မည့် မျိုးစေ့ချကိရိယာများ၊ သွင်းအားစုဓာတ်မြေသြဇာများ စိုက်ပျိုးချိန်အမီ ဖြန့်ဝေပေးနိုင်ရေးနှင့် ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ကြုံတွေ့နေရသည့်အခက်အခဲများ တင်ပြသွားကြရန်ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ပြည်သူများအား လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာဌာနများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် အခြေခံ ပညာကျောင်းများဆောက်လုပ်ပြီးစီးမှု၊  ကျေးရွာချင်းဆက်လမ်းများဆောင်ရွက်နေမှု၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများ၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးမည့်လုပ်ငန်း အခြေအနေများနှင့်ပြည်သူများ တင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုကဏ္ဍများအား တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက လိုအပ်ချက်များနှင့်အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပြည်သူများတင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာဌာနများက အပတ်စဉ်ညှိနှိုင်းဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း