ရွှေကျင် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိ ပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ရှမ်းကြေးရပ်ကွက် အ-ထ-က(တပ်နယ်) ကျောင်း ပညာအလင်းရောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်က အဖွင့်အမှာစကား ပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာ အပြင် ပြင်ပဗဟုသုတစာပေများကိုဖတ်ကြရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်များ အကြောင်းနှင့်လူငယ်ရေးရာအသိပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်အဖြစ် ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းနှင့်ဒေါ်မို့မို့သွင်(ရုပ်/သံ) ကျွမ်းကျင်-၃ တို့က ကျောင်းသား/ကျောင်းသူများအား အသိပညာတိုးပွါးစေမည့် ရုပ်ပုံပြဇာတ်နှင့်ရုပ်ပုံပါ ပုံပြင် စာအုပ်များဖြင့်ပုံပြင်ပြောပြခြင်း၊ နံရံကပ်စာစောင်နှင့်စာအုပ်များအား ဖတ်ရှုစေရန်ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှု လေ့လာကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)