ဘုတ်ပြင်း ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့ဆောင်ပုဒ်နှင့်အညီ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဘုတ်ပြင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်၊ မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းတို့က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး မြေစိုက်ဘုတ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ခရီးသွားလာပြည်သူများ၊ ဒေသခံပြည်သူများအား အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိရာ ခရိုင်သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးသည်။
နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိရန် စသည့်ရည်ရွယ်ချက်ဖြင့် စာရင်းကောက်များသည် မိမိတာဝန် ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း(၁၅)ရက်ကြာ တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)