ဇီးကုန်းမြို့နယ် အ.လ.က- ခွဲ (ဝက်ကော်)နှင့် ခွန်အားသစ်စာကြည့်တိုက်သို့ စာအုပ်စာစောင်များလှူဒါန်း

ဇီးကုန်း ဇွန်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ယနေ့နံနက် ၉ နာရီခွဲက သရက်တပင်ကျေးရွာအုပ်စု၊ ဝက်ကော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ သွားရောက်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းပွဲ၌ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မာမာဦးက ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေရေး၊ စာဖတ်ခြင်းအလေ့အထများရှိစေရေး၊ စာအုပ်စာစောင်များတိုးပွားစေရေး၊ စာကြည့်တိုက်များရှင်သန်စေရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ပြောကြားပေးခဲ့သည်။ ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်နှင့်အဖွဲ့ဝင်များက ကျောင်းစာကြည့်တိုက်သို့ သုတ၊ ရသစာအုပ်စာစောင်များကို လှူဒါန်းရာ ကျောင်းအုပ် ဆရာကြီး ဦးမြင့်ထွေးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ရီရီမြင့်က ကျောင်းသား၊ကျောင်းသူများအား စက္ကူပြဇာတ်ပြသခြင်း၊ ဉာဏ်စမ်းပဟေဠိဖြေဆိုခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

အလားတူ သာပေါင်းကျေးရွာအုပ်စု၊ ကံညီကိုကျေးရွာ "ခွန်အားသစ်" စာကြည့်တိုက်သို့လည်း  စာအုပ်စာစောင်များ သွားရောက်လှူဒါန်းရာ စာကြည့်တိုက်ကော်မတီဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)