ကံမမြို့၌ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ ဖြန့်ဝေ

ကံမ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ထိုသို့ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးပြုလုပ်ခြင်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ပြုလုပ်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)