သဲကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရုပ်ပုံစာအုပ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

သဲကုန်း ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉နာရီက ရုပ်ပုံစာအုပ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက ​ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာဗဟုသုတများတိုးပွားပြီး စာပေနှင့် ရင်းနှီးမှုများရှိလာစေရေး၊ တိုင်းရင်းသားစာပေ စာအုပ်စာစောင်များဖြင့် အသိဉာဏ်ပညာများ ပိုမိုဖွံ့ဖြိုးလာနိုင်ရေး၊ ပြည်သူ့စာကြည့်တိုက်သည် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်အပန်းဖြေရာနေရာနှင့် အသိပညာဗဟုသုတများပေးနေသည့် နေရာတစ်ခုဖြစ်လာနိုင်ရေးအတွက်ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အ.မ.က (​ညောင်ကုန်း)၊ အ.မ.က (ကုန်းမြင့်သာ)၊ အ.မ.က (ဆင်စွယ်ရ) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက (ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့)မှ လှူဒါန်းထားသည့် ရုပ်ပုံစာအုပ်များမှ မိမိတို့ကြိုက်နှစ်သက်ရာ အသိပညာပေးပုံပြင်များဖြင့် ယှဉ်ပြိုင်ခဲ့ကြ​ပြီး တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။မြို့နယ်(ပြန်/ဆက်)