စလင်း ဇွန် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ပေါင်းနားရပ်ကွက် မင်းဘူးစလင်းသွား ကားလမ်းမပေါ်ရှိ မီးပွိုင့်လမ်းဆုံရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ စိုက်ထူခဲ့သည်။
ရှေးဦးစွာ စလင်းမြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူး မိုးဝေယံမြင့်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သူ၊ စီမံအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်အေးအဖွဲ့ဝင် ဦးစိန်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ စလင်းမြို့နယ် ဦးစီးမှူး ဦးတင်အေးနှင့်ဝန်ထမ်းများက အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ဌာနဆိုင်ရာအ ကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လမ်းခရီးသွားပြည်သူများကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေခဲ့ကြသည်။ အဆိုပါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း၏ ရည်ရွယ်ချက်များမှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန စလင်းမြို့နယ်ရုံးအနေဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေးအတွက် အကြိုလှုပ်ရှားမှု တစ်ရပ်အနေဖြင့် ယခုကဲ့သို့ ပိုစတာစိုက်ထူခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ဦးစီးမှူး ဦးတင်အေးထံမှ သိရသည်။
(မောင်လွင်)စလင်း