သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲပြုလုပ်

သံတောင်ကြီး ဇွန် ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်  (၉) နာရီအချိန်က သံတောင်ကြီးမြို့  အ‌ခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးမှ အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်မားရေး ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ‌ရှင်းလင်းဆွေးနွေး ဟောပြောပေးခဲ့သည်။

ဆက်လက်ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက စာဖတ်ခြင်းအကျိုးကျေးဇူးများ ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမှုရေး၊ စီးပွားရေး ၊ ကျန်းမာရေးထိခိုက်ဆုံးရှုံးခြင်းများအား ရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသူ/ကျောင်းသားများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နော်နော်မူ(ပြန်/ဆက်)