ပန်းတောင်းမြို့နယ် လူထုအ​​​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများပြုလုပ်

ပန်းတောင်း ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား/သူများစာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဖြတ်ထိုးဉာဏ်များကောင်းမွန်လာစေရန်၊ ရဲဝံ့စွာရှေ့သို့ထွက်၍ ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးက လူငယ်များဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စာအုပ်၊ စာပေများလေ့လာဖတ်ရှုကြရန် အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲများနှင့်ပတ်သက်၍ စည်းမျဥ်းစည်းကမ်းများကိုပြောကြားကာ ပြိုင်ပွဲကျင်းပခဲ့ရာ အ.ထ.က(ပန်းတောင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား/သူများ ပိုမိုထက်မြက်လာစေရန် လစဥ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး စိတ်ပါဝင်စားသော ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်း တတ်နိုင်သမျှ ရှာဖွေစုဆောင်း မှတ်သားလေ့လာထားသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)