မြို့သစ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ ကျင်းပ

မြို့သစ် ဇွန် ၁၇   

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးထိုးရသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါကစိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှုရရှိလာမည့် ဆိုးကျိုးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေးစာအုပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက်)