ဖြူး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၃၅၆၀၀၀) ကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ထိုသို့ ၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရေး ပျိုးပင်များစိုက်ပျိုးရာတွင် ရတနာတန်းဝင်နှင့် အရိပ်ရပင်များအနေဖြင့် ကျွန်းပျိုးပင်၊ ပျဉ်ကတိုးပျိုးပင်၊ ပိတောက်ပျိုးပင်၊ ယမနေပျိုးပင်၊ အင်ပင်ပျိုးပင်၊ မန်ဂျန်ရှားပျိုးပင်၊ ငုရွှေဝါပျိုးပင်၊ ရေတမာပျိုးပင်၊ မဟော်ဂနီပျိုးပင်၊ ခရေပျိုးပင်၊ စွယ်တော်ပျိုးပင်၊ ကံ့ကော်ပျိုးပင်များအပြင် သီးပင်၊ စားပင်များအနေဖြင့် မန်ကျည်းပျိုးပင်၊ သရက်ပျိုးပင်၊ ပိန္နဲပျိုးပင်၊ သခွပ်ပျိုးပင်၊ ကြောင်လျှာပျိုးပင်၊ ဒန့်သလွန်ပျိုးပင်၊ ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ ပျိုးပင်များကို စိုက်ပျိုးထားကြောင်းသိရသည်။
အဆိုပါ ရတနာတန်းဝင်ပင်များ၊ အရိပ်ရပင်များနှင့် သီးပင်၊ စားပင်ပျိုးပင်များကို လူထုဖြန့်ဝေခြင်း၊ ကျေးရွာသုံး ထင်းစိုက်ခင်းနှင့် သစ်တောစိုက်ခင်းများ၊ သစ်ပင်စိုက်ပျိုးပွဲများတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ငမြွေအမြဲတမ်းပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း (၇၅၀၀၀) နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ရိုဘတ်စတာကော်ဖီမျိုး (၁၂၀၀၀) အား ပျိုးထောင်စိုက်ပျိုးထားကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)