ရေတာရှည် ဖေဖော်ဝါရီလ ၂၄
ရေတာရှည်မြို့နယ် ဆင်ဂွေကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းကို ယမန်နေ့လည် ၁:၀၀ နာရီက ဆင်ဂွေကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်မှ ယနေ့ကျင်းပတဲ့ ပြည်သူ့စကားဝိုင်းမှာ ကျေးရွာပြည်သူများအနေဖြင့် မိမိတို့ကျေးရွာ၏လိုအပ်ချက်များ အခက်အခဲများကို တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရင်းနှီးစွာတိုင်ပင်ဆွေးနွေးရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်မှ ဆင်ဂွေကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုများ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အတွက် ကျေးလက်လမ်းများ ကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း ကျေးရွာပြည်သူများအနေဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာကြည်လင်က ကြက်၊ ဝက်၊ နွား မွေးမြူဆောင်ရွက်သည့် ကျေးလက်ပြည်သူများအား မွေးမြူရေးဆောင်ရွက်ရာတွင် အဟာရ ပြည့်ဝစွာမွေးမြူရန်၊ ကူးစက်ရောဂါများမဖြစ်ပွားအောင်ကာကွယ်ရန် သိသင့်သည့် မွေးမြူရေးဆိုင်ရာ အသိပညာများအား ရှင်းလင်းပြီး ဒေသခံများအနေဖြင့် ယခုထက်ပိုမိုသိရှိလိုသဖြင့် သင်တန်းများဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းတံတားဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းများ ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဆွေးနွေးခဲ့ကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်မှ ပါဝင်ဆွေးနွေးမှုများအပေါ် ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများမှ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြရာ ပါဝင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။
ဆု(ပြန်/ဆက်)