ချောင်းသာ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ၊ ဓမ္မရက္ခိတဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ချောင်းသာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းရခြင်းနှင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်းအကြောင်းအရင်းများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရသူများအကြောင်းကိုလည်းကောင်း၊ ချောင်းသာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဘုန်းမြင့်ဖြိုးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(ချောင်းသာမြို့ရုံး)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအသီးသီးမှ ဒေသခံပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပြည်သူများ၏ သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)