ပုသိမ်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

ပုသိမ် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေး ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြို့တော်ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားသည့် ပြခန်းများကိုလှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ပြည်သူများအား အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကောက်ယူခြင်းဖြစ်ပြီး စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များအသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၁၅)ရက်ကြာ ကောက်ယူသွားမည်ဖြစ်ပါသည်။ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့များတွင်လည်း လူထုအသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းလုပ်ငန်းအား တပြိုင်တည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဓမ္မာရုံဝန်းအတွင်း ဌာနဆိုင်ရာများ၊ တက္ကသိုလ်မှဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ရေစီးရေလားကောင်းမွန်စေရေးနှင့် အဆောက်အဦနှင့်မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်နှင့် အပတ်စဉ် ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေး  မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ကြားရှိ တက်ဆိပ်ချောင်းလမ်းဘေးရှိ လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများရှင်းလင်းနေမှုများ၊ ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး ချောင်းတူးဖော်နေမှု၊ ဗေဒါနှင့်အမှိုက်များဆယ်ယူနေမှုများအား ဆက်လက်ကြည့်ရှုစစ်ဆေးကာ စနစ်တကျဆယ်ယူစွန့်ပစ်စေရေး၊ ရေမြောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုမရှိစေရေးကိစ္စရပ်များကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ Smart Goal Badminton Club တွင် ကျင်းပလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး ကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)