သရက်မြို့ သဟာယစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများလှူဒါန်း

သရက် ဇွန် ၁၇

မ‌ကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ သဟာယစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အလှူငွေလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားတွင် သရက်မြို့၌ နှစ် (၈၀) နီးပါးရှိပြီဖြစ်သည့် စာကြည့်တိုက်ကော်မတီဝင်များနှင့်တွေ့ဆုံရသဖြင့် ဝမ်းမြောက်ကြောင်းနှင့် စာကြည့်တိုက်ရေရှည်တည်တံ့စေရေး ငွေပဒေသာပင်စိုက်ထူထားရန်အတွက် ငွေကျပ်(၃)သိန်း လှူဒါန်းပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်က စာကြည့်တိုက်၏သမိုင်းကြောင်းနှင့် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားများကျင်းပပြီး စာဖတ်ပရိသတ်တိုးပွားရေးဆောင်ရွက်ရန်နှင့် စာအုပ်စာစောင်များကို စနစ်တကျထိန်းသိမ်းရန်ပြောကြားပြီး စာကြည့်အတွင်းရှိ စာအုပ်စာစောင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(သရက်)