ကျောင်းသားလူငယ်များကြား စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာစေရန် ကျောင်းစာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ဘားအံ ဇွန် ၁၆

ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ငယ်နုစဉ်အရွယ်မှစ၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး စာကြည့်တိုက်ကိုအသုံးပြု၍ စာပေဖတ်ရှုခြင်းမှသည် လူငယ်များအကြား စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာစေရန် ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အဆောက်အဦ (Library & Multimedia Building) ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါစာကြည့်တိုက်အဆောက်အဦကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေး(ကလဖ)ရန်ပုံငွေ ကျပ်သိန်း (၁၀၀)၊ Myanmar Imperial Vega Co.,Ltd မှထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း(၁၀၀)တို့ ကိုမတည်၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းသားမိဘများနှင့် စေတနာရှင်အလှူရှင်များ ထည့်ဝင်လှူဒါန်းငွေများဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး (၄၀x၂၄x၂၀)ပေ RC တပ်ထပ်ခွဲအဆောက်အဦအမျိုးအစားဖြစ်ကာ ပရိဘောဂများအပါအဝင် စုစုပေါင်းငွေကျပ်သိန်းတစ်ထောင့်ခြောက်ရာကျော် ခန့်မှန်းကုန်ကျမည်ဟု သိရသည်။

ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌတို့တက်ရောက်၍ မင်္ဂလာအချိန်တွင် မင်္ဂလာပန္နက်တော်များကို ရိုက်သွင်းပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ဘင်ခရာ၊ ပန်းပွားနှင့် ကူညီဆောင်ရွက်ပေးသူများအား ပြည်နယ်ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြနန္ဒာမိုးလုံလေလုံအားကစားခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)