ပွင့်ဖြူ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် အားထားစိုက်ပျိုးသည့် မိုးကြိုပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
"ပွင့်ဖြူမြို့နယ်မှာ ဒီနှစ်ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန် အားထားစိုက်ပျိုးခဲ့တဲ့ မိုးကြိုပဲတီ စိမ်းသီးနှံတွေဟာ စိုက်ပျိုးရေ ဖူလုံတဲ့အတွက်ကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ ယခုနှစ် မိုးကြိုပဲတီစိမ်းသီးနှံ စိုက်ပျိုးမှုအနေနဲ့ မတ်လတတိယပတ်လောက်ကစပြီး စိုက်ပျိုးခဲ့ရာ စုစုပေါင်း စိုက်ဧက ၅၆၂၇ ဧက စိုက်ပျိုးပြီးစီးခဲ့ပါတယ်။ သီးနှံအထွက်နှုန်းတွေ ကောင်းမွန်ဖို့အတွက် ဒေသခံ တောင်သူတွေကို သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ၊ အချိန်မီ သီးနှံသိမ်းဆည်း နည်းပညာတွေစတဲ့ စိုက်ပျိုးရေးပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဈေးကွက်ရှိသည့် ပဲတီစိမ်း သီးနှံအား မိုးကြိုကာလတွင် အားထားစိုက်ပျိုးကြလေ့ရှိပြီး ယခုနှစ် စိုက်ပျိုးသည့် မိုးကြိုပဲတီ စိမ်းစိုက်ခင်းများမှာ စိုက်ပျိုးရေ ဖူလုံစွာရရှိခဲ့သဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ထို့အပြင် အချို့ကျေးရွာများရှိ ဒေသခံတောင်သူများကလည်း သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ပဲတီစိမ်းသီးနှံအား ဇွန်လအတွင်း ရွာသွန်းခဲ့သည့်မိုးဖြင့် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)