ပုသိမ် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယခုလ(၁၄)ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် က “ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအား လစဉ်ပြုလုပ်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ နှင့် ပတ်သက်၍ လာရောက်ရင်းနှီးမြှုပ်နှံမှုများရှိကြောင်း၊ ဆန်ကြိတ်ခွဲထုတ်လုပ်ရာမှ စပါးခွံ၊ ဖွဲနုများရရှိပြီး ဖွဲနုဆီစက်ရုံ တည်ဆောက်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီး ဖြစ်သည့်အတွက် ဟိုတယ်လုပ်ငန်းဖြင့် ရင်းနှီးမြှုပ်နှံမှုများလည်း များပြားလာပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုခွင့်ပြုပေးထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းတိုးတက်မှုများအား စိစစ်တင်ပြသွားရန် လိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လုပ်ငန်းတိုးချဲ့ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များအား ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်ရန်လိုပါကြောင်း၊ ယနေ့တင်ပြ လာသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ကော်မတီဝင်များမှ ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Myanmar Agribusiness Public Company Limitedမှ ဖွဲနုဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက် ထားလွှာတင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် O.M.M Company Limited မှ CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့် ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုဖြင့် Ayeyar Phoenix Trading Company Limitedမှ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထား လွှာတင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် He & She Trading Company Limitedမှ ဟိုတယ်လုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြု လျှောက်ထား လွှာတင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် The Perpeptual Company Limited ကလုပ်ငန်းအမျိုးအစား ဖြည့်စွက်ပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Wah Wah Win International Company Limited ၏ တည်ဆောက်ရေးကာလ (တတိယအကြိမ်) တိုးမြှင့်ရန် တင်ပြခြင်း အပေါ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တိုးမြှင့်ခွင့်ပြုလိုက်ခြင်းကို တင်ပြခြင်းကိစ္စ၊ အဆင့်မြင့် ရှော့ပင်းမောလ် (Shopping Mall) တည်ဆောက်/ငှားရမ်း/ရောင်းချခြင်း လုပ်ငန်း နှင့် ရုပ်ရှင်ရုံနှင့်ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးငှားရမ်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ဧရာဝတီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ပြန်လည်အပ်နှံခြင်းကိစ္စများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)