မင်းဘူး(စကု)မြို့နယ်၌ လူထုဖြန့်ပျိုးပင်ပေါင်း ၅၀၀၀၀ ကို ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများ အခမဲ့ လာရောက်ထုတ်ယူစိုက်ပျိုးနိုင်

မင်းဘူး ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနက ယခုဘဏ္ဍာနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ကျောက်တန်းအမြဲတမ်းပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း ၅၀၀၀၀ ကို ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

အဆိုပါလူထုဖြန့်ပျိုးပင်များ ဖြန့်ဝေပေးရာတွင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သာသနာ့နယ်မြေများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် သစ်ပင် စိုက်ပျိုးပွဲတော်များအတွက် ပျိုးပင်ပေါင်း ၅၀၀၀၀ ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး ဒေသခံများက လာရောက်ထုတ်ယူစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း၌ကျရောက်လျက်ရှိပြီး နှစ်စဉ် ရာသီဥတုဖောက်ပြန်မှုများ၊ အပူချိန်မြင့်မားသည့်ဒဏ်ကို ကြုံတွေ့ရသည့်ဒေသဖြစ်ကြောင်း၊ အဆိုပါ ရာသီဥတုဖောက်ပြန်မှုများကို ကြိုတင်ကာကွယ်နိုင်စေရန် အရိပ်ရအပင်၊ ဆေးဘက်ဝင်အပင်၊ သစ်ရရှိနိုင်မည့်အပင်၊ ပန်းပွင့်သည့်အပင်နှင့် သီးပင်စားပင် စသည့် ပြည်သူလူထု စိတ်ဝင်စားသော သစ်ပင်မျိုးစေ့များကို နှစ်စဉ် အလေးထားပြီး ပျိုးထောင်ပေးလျက်ရှိပြီး ကျောက်တန်းပျိုးဥယျာဉ်၌ မည်သူမဆို အခမဲ့လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးမြင့်အောင်က ပြောသည်။

ပြည်သူလူထုထံ ဖြန့်ဝေပေးမည့်ပျိုးပင်များမှာ ကျွန်း၊ ပိတောက်၊ ယင်းမာ၊ ကုက္ကိုလ်၊ မာတာကွတ်၊ ယူကလစ်၊ စိန်ပန်းကြီး၊ တမာ၊ ထိုင်ဝမ်ဗန်ဒါ၊ မယ်ဇယ်၊ ဆီသပြေ၊ ဇီး နှင့် မျှင်ဝါး စသည့် ပျိုးပင်အမျိုးအစား ၁၃ မျိုးကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)