ဒေးဒရဲ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြားမှုနည်းစနစ်များ ပိုမိုတိုးတက်လာစေရေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဖျာပုံခရိုင်ပညာရေးမှူး ဒေါ်အေးအေးမြင့်က အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ပညာသင်ကြားမှု နည်းစနစ်များ ပိုမိုတိုးတက်လာစေရေးလုပ်ငန်းများ၊ ကျောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အထက်တန်းကျောင်များတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးလုပ်ငန်းများကို တွေ့ဆုံမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးလှစိုးက ၂၀၀၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများက ကျောင်းတွင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးမှုများကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးဆွေးနွေးပွဲသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၅၁) ကျောင်းက ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း